Tuesday, July 7, 2009

မြန်မာအမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင် နိုင်ငံတည်ဆောက်ရေး တွင်ဆက်လက်ပါဝင်

မြန်မာနိုင်ငံတွင် အမျိုးသမီးဦးရေသည် အင်အားပမာဏများပြားပြီး နိုင်ငံတော်အတွက် အားထားရသော စွမ်းအားစုအဖြစ် ရပ်တည်လျက်ရှိသည်။ မြန်မာအမျိုးသမီးများသည် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက် ထိန်းသိမ်းမြှင့်တင်ရာတွင် စံနမူနာယူဖွယ်ဖြစ်သည်။ ခေတ်အဆက်ဆက်တွင် မျိုးချစ်စိတ်ဓာတ်ထက်သန်ပြီး စွမ်းရည်ထက်မြက်သည့် အသိပညာရှင်၊ အတတ်ပညာရှင်၊ အနုပညာရှင်များ ပေါ်ထွက်ခဲ့သည်။ ရှေးအစဉ်အဆက်ကတည်းကပင် ဥပဒေအရလည်းကောင်း၊ ဓလေ့ထုံးစံအရလည်းကောင်း၊ အမျိုးသားများနှင့် တန်းတူရည်တူ အခွင့်အရေးများရရှိခဲ့ကြသည်။ နိုင်ငံနှင့်ပြည်သူ့အကျိုးစီးပွားကို ထာဝစဉ် ပါဝင်သယ်ပိုးထမ်းရွက်ခဲ့ကြသည်။ အခြေခံအကျဆုံး မိသားစုတာဝန်မှသည် တိုင်းကျိုးပြည်ပြု လုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင် ဆောင်ရွက်ခဲ့ကြရာ နေရာပေးအလေးထားမှု ခံယူကြရသူများဖြစ်သည်။ ယနေ့ကာလတွင် စီးပွားရေး၊ ပညာရေး၊ ကျန်းမားရေး၊ နည်းပညာစသည့် ကဏ္ဍအသီးသီး၌ အောင်မြင်မှုရရှိနေသော အမျိုးသမီးများပေါ်ထွက်လျက်ရှိသည်။ အားကစား၊ ယဉ်ကျေးမှုနှင့် လူမှုရေးကဏ္ဍတို့တွင်လည်း ထွန်းပေါက်အောင်မြင်နေသည့် အမျိုးသမီးစွမ်းဆောင်ရှင်များကိုတွေ့မြင်နေရပြီဖြစ်သည်။ နိုင်ငံတော်အစိုးရက သမိုင်းအစဉ်အလာကောင်းသည့် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြုင့်တင်နိုင်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကို ၁၉၉၆ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင်စတင်ဖွဲ့စည်းပေးခဲ့သည်။ အမျိုးသမီးများ၏ဘဝလုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများလွှမ်းခြုံဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကို ဖွဲ့စည်းထားပြီးဖြစ်သည်။ အမျိုးသမီးများ၏ အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး၊ ဘဝလုံခြုံရေး၊ အမျိုသမီးများအား အကြမ်းဖက်မှုမှကာကွယ်ရေး၊ ယဉ်ကျေးမှုဓလေ့ထုံးစံများ မြတ်နိုးတန်ဖိုးထားရေး တို့အတွက် လေ့ကျင့်ပျိုးထောင်ရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်နှင့်ရပ်ကွက်၊ ကျေးရွာအဆင့်အထိ အမျိုးသမီးရေးရာအဖွဲ့ အဆင့်ဆင့်ကိုဖွဲ့စည်းထားသည်။ အမျိုးသမီးများ ဘဝလှပရေး၊ လူနေမှုဘဝ မြုင့်တင်ရေးများ ကြိုးပမ်းဖော်ဆောင်ပေးနေပြီဖြစ်သည်။ မြန်မာအမျိုးသမီးများသည် ယဉ်ကျေးမှုဓလေ့စရိုက်ကို ပိုင်ဆိုင်ကြသူများဖြစ်သည်။ ထူးချွန်ထက်မြက်သော စွမ်းဆောင်ရည်ရှိသည်။ နိုင်ငံချစ်စိတ်နှင့်မိမိတို့အမျိုးအနွယ်ကို စောင့်ရှောက်လာခဲ့ကြသည့် အစဉ်အလာရှိသည်။ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၏ ဦးဆောင်မှုနှင့်အတူ မြန်မာအမျိုးသမီးတိုင်းက အမျိုးသမီးထုတစ်ရပ်လုံး၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါသည်။

သွေးလွန်တူပ်ကွေးရောဂါ ကာကွယ်ရေး စုပေါင်းဆောင်ရွက်

မင်္ဂလာတောင်ညွန့်မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး စုပေါင်းဆောင်ရွက်မှုကို ဇူလိုင်၎ရက် နံနက်ပိုင်းက ကျီတော်ရပ်ကွက်၌ ကျင်းပရာ မြို့နယ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ ဦးကျော်ငြိမ်း၊ အတွင်းရေးမှူး ဦးစိုးလှိုင်ဦး၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ဥမ္မာမြင့်၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ဥက္ကဌ ဦးကျော်စိုး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာဝန်ထမ်းများ၊ ကျီတော်ရပ်ကွက်၊ တောင်လုံးပြန်ရပ်ကွက်၊မလွှကုန်းရပ်ကွက်တို့မှ လူမှုရေးအသင်းအဖွဲ့များ အင်အား ၂၀၀ ကျော် ပါဝင်ဆောင်ရွက်ကြသည်။