မွန်ပြည်နယ် မော်လမြိုင်မြို့၌ ယမန်နေ့က ပေါက်ကွဲမှုသုံးခုဖြစ်ပွားခဲ့ကြောင်း၊ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။ နံနက် ၉ နာရီခန့်တွင် မော်လမြိုင်မြို့ ရွှေတောင်ရပ် ကမ်းနားလမ်း စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်ရှေ့ ကမ်းနားဘက်ခြမ်းရှိ လူသွားလမ်းဘေး ရေမြောင်းအတွင်း၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အင်္ဂတေအနည်းငယ် ကွာကျပျက်စီးခဲ့သည်။
ထို့နောက် နံနက် ၉ နာရီ ၅၅ မိနစ်ခန့်တွင် စစ်ကဲကုန်းရပ် ဗဟိုလမ်း စိုက်ပျိုးရေးရုံးရှေ့ လမ်းလယ်ကျွန်း ပန်းစိုက်ခုံအတွင်း၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အင်္ဂတေအနည်းငယ် ကွာကျပျက်စီးခဲ့သည်။
ထပ်မံ၍ ညနေ ၆ နာရီ ၃၅ မိနစ်ခန့်တွင် မရမ်းကုန်းရပ် မိန်းကလေးကျောင်းလမ်း၌ ဖွင့်လှစ်ထားသော ပြောင်းရွှေ့သွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းရုံး (IOM- International Organization for Migration) အနီး ခြံစည်းရိုးဘေးတွင် ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဖောက်ခွဲဖျက်ဆီးရေးသမားများအား စေလွှတ်၍ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် ပြည်သူလုထု အထိတ်တလန့်ဖြစ်စေရန်၊ သေကျေပျက်စီးစေရန်အတွက် ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ရန် ကြံစည်ကြိုးပမ်းလျက်ရှိပြီး လတ်တလောတွင် ဖောက်ခွဲဖျက်ဆီးရေးသမားနှစ်ဦးအားလည်း ပြည်တွင်းသို့ စေလွှတ်ထားကြောင်း သတင်းများရရှိထားသဖြင့် သတင်းထုတ်ပြန် အသိပေးခဲ့ပြီးဖြစ်သည်။
သို့ဖြစ်ရာ အများပြည်သူတို့အနေဖြင့် မိမိတို့နေထိုင်ရာ၊ အသက်မွေးဝမ်းကျောင်းမှုပြုရာ၊ ကူးသန်းရောင်းဝယ်မှုပြုရာ အ၀န်းအ၀ိုင်းအတွင်းသို့ အသွင်အမျိုးမျိုးဖြင့် ထိုးဖောက်ဝင်ရောက်လာမည့် ဖောက်ခွဲဖျက်ဆီးရေးသမားများ၊ အကြမ်းဖက်သမားများအား အထူးသတိပြု စောင့်ကြပ်ကြည့်ရှုဖော်ထုတ်ပြီး မသင်္ကာဖွယ်ရာတွေ့ရှိပါက တာဝန်ရှိသူများထံ အချိန်မီသတင်းပေးပို့ခြင်းဖြင့် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန်လိုကြောင်း သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော်ထားကြောင်း သတင်းရရှိသည်။

No comments:
Post a Comment