တုပ်ကွေးရောဂါ A/H1N1 သည် ဧပြီ ၁၇ရက်မှ စတင်၍ဖြစ်ပွားခဲ့ရာ ဇွန် ၈ရက်အထိ ကမ္ဘာပေါ်တွင် အတည်ပြု တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၂၅၂၈၈ဦးရှိပြီး သေဆုံးသူ စုစုပေါင်း ၁၃၉ ဦးရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇွန်၈ရက်တွင် ထုတ်ပြန်သောသတင်းများအရသိရှိရပြီး မက္ကဆီကိုနိုင်ငံအပါအ၀င် နိုင်ငံပေါင်း ၇၃နိုင်ငံ၌ ရောဂါကူးစက်မှုရှိခဲ့ကြောင်းသိရှိရသည်။
တုပ်ကွေးရောဂါ A/H1N1 မှကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ ဖြစ်နိုင်သဖြင့် မြန်မာနိုင်ငံသို့ ကူးစက်မှုမရှိစေရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနက လိုအပ်သော ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဧပြီ ၂၅ရက်မှစတင်ဆောင်ရွက်လျက်ရှိသည်။
ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ယခုဖြစ်ပွားလျက်ရှိသော တုပ်ကွေးရောဂါ Influenza A/H1N1 မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်မလာစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော နေ့စဉ်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း၊ ဆေးကုသမှုလုပ်ငန်းဆိုင်ရာပြင်ဆင်ထားရှိခြင်း၊ ဆေးရုံများ၌ လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းနှင့် ဓာတ်ခွဲစမ်းသပ်နိုင်ရန် ပစ္စည်းများဖြန့်ဖြူးထားရှိခြင်း၊ လူနာသီးသန့်ဆောင်များ အသင့်အနေအထား ပြင်ဆင်ထားရှိခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ပြည်သူလူထုအား ယခုဖြစ်ပွားလျက်ရှိသော တုပ်ကွေးရောဂါ A/H1N1 ဖြစ်ပွားမှုအခြေအနေကို ရုပ်မြင်သံကြား၊ ရေဒီယို ၊ သတင်းစာများမှတစ်ဆင့် ကြိုတင်ကာကွယ်နှိမ်နင်းရေး၊ ကျန်းမာရေးအသိပညာပေးခြင်း၊ အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ဧပြီ ၂၉ ရက်မှ စတင်၍ အပြည်ပြည်ဆိုင်ရာလေဆိပ်များ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် နယ်စပ်ဒေသ ၀င်ပေါက်၊ ထွက်ပေါက်များ၌ ၀င်ရောက်လာသော ခရီးသည်များ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ၌ ယနေ့အထိ တုပ်ကွေးရောဂါ A/H1N1 ကူးစက်ဖြစ်ပွားမှုလုံးဝမရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

No comments:
Post a Comment